Monday, August 26, 2013

ပြည်မြို့ မြောက်န၀င်းဆည်နယ်နိမိတ်အတွင်းရှိ နေအိမ် ၇၅ လုံး သြဂုတ်လ ၂၉ ရက်တွင် အပြီးသတ်ဖယ်ရှားရန် အကြောင်းကြား


မြောက်န၀င်းဆည်

သဂုတ်လ ၂၆ ရက် ၂၀၁၃ ခုနှစ်

ပဲခူးတိုင်းပြည်မြို့နယ် မြောက်န၀င်းဆည်အနီးရှိ ရေလှောင်တမံ၊ ရေလွှဲဆည်၊ တူးမြောင်းနှင့် လမ်းနယ်နိမိတ်နယ်များ အတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ လူနေအိမ်၊ တဲနှင့် စိုက်ခင်းများကို သြဂုတ်လ ၂၉ ရက်တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် မြို့နယ်ဆည်မြောင်း ဦးစီးဌာနက သုံးကြိမ် မြောက်အဖြစ် သတိပေးစာ ထုတ်ပြန် ထားသည်။

ဧပြီလ ၂၅ ရက်နှင့် သြဂုတ်လ ၈ ရက် တို့တွင် အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပြီး သုံးကြိမ်မြောက်အဖြစ် သြဂုတ်လ ၂၂ ရက် တွင် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖယ်ရှားခံရမည့် နေအိမ်အများစုမှာ ပြည်မြို့နယ် လွှစင်ကုန်းအုပ်စုအတွင်းရှိ ဆီဆုံကုန်းကျေးရွာဖြစ်ပြီး နေအိမ် ၇၅ လုံးတွင် နေထိုင်သူ လူဦးရေ ၃၀၀ခန့် ရှိသည်။ နေအိမ်များမှာ မြောက်န၀င်းဆည်စီမံကိန်း မစတင်မီကတည်းက နေထိုင်ကြခဲ့ကြသည်ဟု ဒေသခံတို့က ဆိုသည်။

“ကျွန်တော်တို့ ဒီမှာနေလာတာ နှစ်ပေါင်း သုံးဆယ်လောက်ရှိပြီ။ ကိုယ့်ဟာကိုယ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး မြေဖို့ပြီး နေလာခဲ့တာ။ သာသာယာယာရှိလာကာမှ ဆည် မြောင်းကကျူးကျော်ဆိုပြီး စွပ်စွဲပြီး ဖယ်ရှားခိုင်းတယ်။ အဆောက်အအုံတွေကလည်း အခိုင်အမာဆောက်ထားတာပါ” ဟု ဖယ်ရှား ခံရမည့်သူ ကိုသီဟက ပြောသည်။

အကြောင်းကြားစာအရ ကျူးကျော်သည် ဟုဆိုထားရာ ထိုနေရာရှိ အချို့သော အခိုင်အမာ အဆောက်အဦးများမှာ ဖျက်သိမ်းရန် အခက်အခဲရှိနေပြီး ဆည်မြောင်းဧရိယာနှင့် မလွတ်ကင်းသည့် အစိတ်အပိုင်းကိုသာ ညှိနှိုင်းအဖြေရှာ သင့်သည်ဟုလည်း ကိုသီဟက ပြောသည်။

ဖယ်ရှားခြင်းမပြုပါက ဆည်မြောင်း ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး ကျူးကျော်သည်ဟု စွပ်စွဲခံရသူ များကလည်း သြဂုတ်လ ၁၂ရက်တွင် နိုင်ငံတော်သမ္မတထံ နစ်နာမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပေးရန် အသနားခံစာ တင်ပြထားသည်။

အကြောင်းကြားစာတွင် ဆည်မြောင်းဦးစီးဌါန မြို့ပြရုံး ပြည်မြို့ စာအမှတ်၊ ၀၀၃ / ကျူး/ကပ ဦးစီးအရာရှိ မြို့ပြတင်စိုး ဟု လက်မှတ်ရေးထိုးထားသည်။

by thithtoolwin

No comments:

Post a Comment