Wednesday, August 28, 2013

UMFCCI ၏ ဘဏ္ဍာရေးရှင်းတမ်း အစည်းအဝေး ည ၁၁ နာရီအထိ ကျင်းပခဲ့သော်လည်း အသေးစိတ် ရှင်းလင်းနိုင်ခဲ့ခြင်း မရှိ

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်နိုင်မှု မရှိသည့် ပြဿနာအတွက် သြဂုတ် ၂၇ ရက်က ဒုတိယအကြိမ် အစည်းအဝေးအား ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ကျင်းပခဲ့သော်လည်း အသေးစိတ် ရှင်းလင်းနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုအကြိမ် ဘဏ္ဍာရေးရှင်းတမ်း ရှင်းလင်းမှုတွင် သြဂုတ် ၆ ရက် ပထမအကြိမ် ဘဏ္ဍာရေးရှင်းစဉ်က ပါဝင်တက်ရောက်မှု မရှိဘဲ ခရီးထွက်နေသည့် အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ၇ နာရီခန့်ကြာအောင် ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်။ ရှင်းလင်းပွဲတွင်
အသင်းချုပ်ရုံးအား ပေါင်နှံ၍ ပြင်ပသို့ ငွေထုတ်ချေးခြင်း၊ လက်ရှိအသင်းဝင်များ၏ ပုံမှန်ထည့်ဝင်ငွေများ၊ ရန်ကုန်နှင့် နေပြည်တော် အသင်းရုံးချုပ် နှစ်ရုံးအတွက် ကုန်ကျငွေ ကျပ်သိန်းပေါင်း လေးသောင်းရှစ်ထောင်ကျော်အတွက် အသေးစိတ် စာရင်းများအား သုံးပတ်ကျော်ကြာပြီးမှ ဆက်လက်ပြုလုပ်သည့် ဘဏ္ဍာရေးရှင်းတမ်းတွင် ထုတ်ပြန်နိုင်မှုမရှိခြင်း စသည့်အချက်အလက်များ ရှိနေကြောင်း ဇောတိကဦးခင်လှိုင်က ပြောကြားသည်။ "ဘယ်လောက်အထိ ကျေနပ်လည်းဆိုရင် ရာခိုင်နှုန်း ၈၀ လောက်ပဲ ကျေနပ်တယ်လို့ ပြောရမှာပါ" ဟု ဦးခင်လှိုင်က ဆိုသည်။ အမိန့်များ ညွှန်ကြားချက်များဖြင့် လုပ်ကိုင်ခဲ့ရသည့် ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့သည့် သက်တမ်းမှာ ၂၀၁၁-၂၀၁၃ သက်တမ်းသာဖြစ်ပြီး ယခင်အစိုးရလက်ထက် လုပ်ဆောင်မှုများတွင် စာရင်းဇယားဆိုင်ရာ အားနည်းချက်များ ရှိနေပြီး နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ရာတွင်လည်း မှားခြင်းမှန်ခြင်းအပေါ် စောဒကတက်ခွင့် မရှိခဲ့ဘဲ လက်ရှိကာလမှသာ အားနည်းချက်များ ထောက်ပြခွင့် ရသည့်အတွက် အတတ်နိုင်ဆုံး အချိန်စောင့်ဆိုင်း သွားမည်ဖြစ်ပြီး ရာနှုန်းပြည့် စိတ်ကျေနပ်မှုရရန် အလှမ်းမဝေးတော့ဟု ထင်မြင်ကြောင်းလည်း ဦးခင်လှိုင်က ဆိုသည်။ လက်ရှိ ထုတ်ပြန်နိုင်မှု မရှိသေးသည့် ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကိန်းဂဏန်းများမှာ ယခင်အစိုးရ လက်ထက်တွင် အမိန့်ညွှန်ကြားချက်များဖြင့် လုပ်ကိုင်ခဲ့ရသည့် အကျိုးဆက်များ ဖြစ်နေပြီး ငွေစာရင်း ကိန်းဂဏန်းများမှာ EC, CEC ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်များ ဖြစ်သည့်အတွက် အဆိုပါ စာရင်းများအား EC, CEC များနှင့် တင်ပြဆွေးနွေးပြီးမှ ဦးခင်လှိုင်အား ပြသနိုင်မည်ဖြစ်ကြောင်း ဦးဝင်းအောင်က ပြောသည်။ အသင်းချုပ်ရုံးအား ပေါင်နှံ၍ ရငွေကို ဖော်ကျွန်းအင်တာနေရှင်နယ်မှ ဦးမြဟန် အပါအ၀င် လုပ်ငန်းရှင်များအား ထုတ်ချေးသည် ဆိုရာတွင်လည်း အသင်းရုံးများ တည်ဆောက်ပြီးစီးရန်နှင့် အသင်းချုပ် အောင်မြင်စွာ လည်ပတ်နိုင်ရန် အသင်းချုပ်မှ တောင်းဆို၍ ထုတ်ချေးခဲ့ခြင်းသာဖြစ်ကြောင်း ဦးဝင်းအောင်က ဆက်လက်ပြောသည်။ ပုဂ္ဂလိက ကဏ္ဍတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ကုန်သည်စက်မှု အသင်းချုပ်၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှု၊ နိုင်ငံတကာ ၀င်ငွေနှင့် အခြားဝင်ငွေရ လမ်းများအား ကိုယ်ကျိုးအတွက် သုံးစွဲနေမှု၊ အသင်းချုပ်၏ ထိပ်ပိုင်းတာဝန် ရယူထားသူများမှာ အခွန်ရှောင်နေမှု စသည့်ဖြစ်ရပ်များနှင့် ဘဏ္ဍာရေးရှင်းတမ်းအား ကျေလည်အောင် မထုတ်ပြန်နိုင်မှု စသည့်သတင်းများ ပြည်သူများအကြား ပျံ့နှံ့နေခြင်းကြောင့် ကုန်သည်စက်မှု အသင်းချုပ်၏ လုပ်ငန်းစဉ်များအား ပြည်သူများ စိတ်ဝင်စားမှု များပြားနေကြောင်း သိရသည်။

by Myanmar Breaking News

No comments:

Post a Comment