Total Pageviews

Wednesday, September 4, 2013

သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်မည့် လယ်မြေများအား လျော်ကြေးပေးရန် မြေတိုင်းတာရာတွင် လယ်မြေဧက ကွာခြားမှုများ ရှိနေ

သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်မည့် လယ်ယာမြေများအား လျော်ကြေးပေးရန် မြေတိုင်းရာတွင် လယ်မြေဧက ကွာခြားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက် မည့် မြေကွက်အမှတ် ၂၅၊ ၂၆ နှင့် ၃၀ ရှိ လယ်ယာမြေများအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ   လျော်ကြေးပေး ရန် တိုင်းတာရာတွင် ဒေသခံများ၌ အမှန်တကယ်ရှိသော လယ်ယာမြေဧကနှင့် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တိုင်းတာသော လယ်ဧကတို့မှာ ကွာခြားနေခြင်းဖြစ်သည်။ "သူတို့က
  လျော်ကြေးပေး ဖို့ မြေတိုင်းတယ် ပြောတယ်။ ဘယ်တုန်းက တိုင်းသွားမှန်းတောင် မသိလိုက်ရဘူး။ ခုကျတော့ သူတို့ပြောတဲ့ လယ်ဧကနဲ့ ကျွန်တော်တို့ လယ်သမားတွေဆီမှာရှိတဲ့ ဧကအများကြီး ကွာနေ တယ်" ဟု သီလ၀ါဒေသ၊ ရွှေပြည်သာယာရပ်ကွက်၊ ဘေးပေါက်ကျေးရွာမှ လယ်သမား ဦးတင်အုန်းက   ပြောကြားသည်။ လယ်ယာမြေများ တိုင်းတာရာတွင် မြေကွက်အမှတ် ၂၅ ပေါ်တွင် လယ်မြေဧက ၂၆ ဧကရှိသည်ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ၂၂ ဒသမ ၂ ဧက၊ မြေကွက်အမှတ် ၂၆ ပေါ်တွင် လယ်မြေ ဧက ၅၀ ဒသမ ၅ ဧက ရှိသည်ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ၁၁.၇၂ ဧက၊ မြေကွက်အမှတ် ၃၀ ပေါ် တွင် လယ်မြေဧက ၄၀ ဧက ရှိသည်ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ၂၇ ဒသမ ၆၇ ဧက ရှိသည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ စုစုပေါင်း လယ်ယာမြေဧက ၁၂၄ ဒသမ ၅ ဧက ရှိသည်ကို မြန် မာ့ဆိပ်ကမ်း အာဏာပိုင်မှ ၆၁ ဒသမ ၃၁ ဧက ရှိသည်ဟုသာ သတ်မှတ်ခဲ့ခြင်းကြောင့် လယ်ဧက ၆၃ ဒသမ ၁၉ ဧက ကွာခြားနေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွာခြားချက်နှင့် ပတ်သက်၍ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့က အမှန်တကယ် လယ်စိုက်ထားတဲ့ လယ်မြေတွေကိုပဲ တိုင်းတာခဲ့တာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။ ယခု မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မှ လျော်ကြေးပေးရန် တိုင်းယူမှုမှာ သီးနှံလျော်ကြေးပေးရန် အတွက်သာဖြစ်ပြီး၊ လယ်ယာမြေ   လျော်ကြေးပေး ရန်အတွက် အစီအစဉ်မရှိဟု ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။ "ကျွန်တော်တို့က ဒီလယ်ယာမြေတွေပေါ်မှာ သီးနှံစိုက်ပျိုး ခဲ့တာလေ။ ဒါကို သီးနှံလျော်ကြေးပဲပေးပြီး လယ်ယာမြေအတွက် မပေးဘူးဆိုရင် ကျွန်တော်တို့က ဘာနဲ့သွားလုပ်စား ရမှာလဲ" ဟု သီလ၀ါဒေသမှ ဒေသခံ တစ်ဦးဖြစ်သည့် ဦးမြကြည်က ဆိုသည်။ သီလ၀ါဒေသတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက်တစ်ကွက်လျှင် မျက်နှာစာ အလျား ၂၀၀ မီတာ၊ ကုန်းတွင်းဘက်သို့ ၇၅၀ မီတာ (အကျယ် ၃၇ ဒသမ ၀၆ ဧက) ရှိ မြေကွက် ၃၇ ကွက်ကို တိုးချဲ့ဖော်ထုတ်ခဲ့သည်။

by http://myanbnews.blogspot.com

No comments: