Total Pageviews

Friday, August 23, 2013

ရွှေသံလွင် မီဒီယာမှ နိုင်ငံတော်သို့ အကျိုးအမြတ် ပေးသွင်းရမည်ကို သုံးနှစ်အထိ ပေးစရာ မလိုဘဲ ခွင့်ပြုပေးထားခဲ့ပြီး ယခုနှစ်မှသာ နိုင်ငံတော်မှ အကျိုးအမြတ် စတင်ရရှိမည်

Sky Net ရုပ်သံလိုင်း တည်ထောင်ထားသည့် ရွှေသံလွင် မီဒီယာအနေဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် အကျိုးအမြတ် ခွဲဝေသည့် စနစ်ဖြင့် လုပ်ကိုင်နေသော်လည်း သုံးနှစ်အထိ အကျိုးအမြတ် ခွဲဝေပေးသွင်းခြင်းအား ပြန်ကြားရေးမှ ရွှေသံလွင်အပေါ် ဆိုင်းငံ့ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

Forever Group ဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ ပူးပေါင်း လုပ်ကိုင်ရာတွင်မူ စတင်လုပ်ကိုင်သည့် နှစ်မှစကာ ချက်ချင်း အကျိုးအမြတ် ခွဲဝေကာ ပေးကြောင်း၊ ရွှေသံလွင် မီဒီယာဖြင့် လုပ်ကိုင်ရာတွင်မူ ရွှေသံလွင် မီဒီယာအား Risk Period အဖြစ် သုံးနှစ် ဆိုင်းငံ့ကာလ ပေးခဲ့ကြောင်း၊ သုံးနှစ် ပြည့်သွားသည့် အတွက် ယခုနှစ်မှစကာ အကျိုးအမြတ် စတင်ခွဲဝေ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် ရွှေသံလွင် မီဒီယာအနေဖြင့် သုံးနှစ်လုံးလုံး ပြန်ကြားရေး ၀န်ကြီးဌာနသို့ အကျိုးအမြတ် ခွဲဝေပေးရမှု မရှိဘဲ ဆိုင်းငံ့ခွင့် ရရှိထားခြင်း ဖြစ်သည်။
သြဂုတ် ၂၃ ရက်က နေပြည်တော် စက်မှုဝန်ကြီး ဌာနတွင် ကျင်းပခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပုဂ္ဂလိက ရုပ်သံလိုင်းများ မည်သို့ အကျိုးအမြတ် ခွဲဝေလုပ်ကိုင် နေသည့်အပေါ် Daily Eleven နေ့စဉ်ထုတ် သတင်းစာ၏ မေးမြန်းမှုအား ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ''ရွှေသံလွင်နဲ့ Forever Group နဲ့ ဘယ်လိုလုပ်ကြလဲ ဆိုရင် ဟိုတုန်းက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားနဲ့ အကျိုးအမြတ် ခွဲဝေတဲ့စနစ်နဲ့ လုပ်နေပါတယ်။ တစ်ခုနဲ့ တစ်ခုတော အကျိုးအမြတ် ခွဲဝေတဲ့ပုံစံ မတူဘူးပေါ့။ ဥပမာ Forever ဆိုရင် စလုပ်တဲ့ နှစ်မှာတင် ချက်ချင်း အကျိုးအမြတ် ခွဲပေးရတယ်။ လုပ်တဲ့နှစ် ကြာလာတာနဲ့အမျှ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို ပေးတဲ့ဟာက မြင့်မြင့်လာတယ်။ FM တွေနဲ့ ရွှေသံလွင် ချုပ်တဲ့ဟာမှာ ကျတော့ နိုင်ငံတကာ တွေနဲ့ကျတော့ Risk Period လို့ခေါ်တဲ့ ဆိုင်းငံ့ကာလ သုံးနှစ်ပေးတယ်။ သုံးနှစ် ပြည့်သွားတော့ ဒီနှစ်ကစပြီး ငွေစသွင်းတယ်။ ငွေစရှင်းတဲ့ အခါမှာ သူတို့ရဲ့ ၀င်ငွေ ဘယ်လောက်ရှိလဲ ဆိုတာကို ကျွန်တော်တို့ရဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရယ်၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေပါတဲ့ စာရင်းစစ် အဖွဲ့တွေနဲ့ စစ်ပါတယ်။ အဲဒီ အကျိုးအမြတ်ကို နိုင်ငံတော်ကို သွင်းရတယ်။ အဲဒီပိုက်ဆံ ပုံမှန်ဝင်လား မ၀င်လားဆိုတာ စာရင်းစစ်ချုပ် ရုံးကနေ စစ်ဆေးတယ်'' ဟု ပြောကြားခဲ့သည်။

By Eleven

No comments: