Total Pageviews

Wednesday, August 28, 2013

ရွှေ ၃၂၁ ပိဿာကျော်၊ ကျပ် ၃၅၃ သန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် နိုင်ငံတော်သို့ ပေးသွင်းရန် ၀န်ကြီးဌာနများ ကြွေးကျန်ရှိနေ

၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်ထိ ၀န်ကြီးဌာန ငါးခုမှ ရွှေစင် ၃၂၁ ပိဿာကျော်၊ ကျပ် ၃၅၃ သန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် နိုင်ငံတော်မှ ရရှိရန် ကြွေးကျန်ရှိနေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
ယင်းတို့မှာ စက်မှုဝန်ကြီးဌာန အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်းမှ ကျပ် ၄၂ ဒသမ ၉၉၀ သန်း၊ ပညာရေး ၀န်ကြီးဌာန၊ အမှတ် (၂)အခြေခံပညာ ဦးစီးဌာနမှ ကျပ် ၂ ဒသမ ၂၇၅ သန်း၊ ကျန်းမာရေး ၀န်ကြီးဌာန၏ ရန်ကုန်ကလေးဆေးရုံကြီးမှ ကျပ် ၂၅ ဒသမ ၇၃၀ သန်း၊ သတ္တုတွင်း ၀န်ကြီးဌာန၊ အမှတ် (၂)သတ္တုတွင်း လုပ်ငန်းမှ ကျပ် ၂၈၂ ဒသမ ၈၆၇ သန်းနှင့် ရွှေစင် ၃၂၁၂၀ ဒသမ ၀၄၀ ကျပ်သား၊ ဟိုတယ်/ခရီးဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈၉၀ သန်းတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းတို့အနက် စက်မှုဝန်ကြီးဌာနနှင့် ပညာရေး ၀န်ကြီးဌာနတို့သည် ဌာနအနေဖြင့် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် ကြွေးကျန်ဖြစ်ပြီး ကျန်းမာရေး ၀န်ကြီးဌာနနှင့် သတ္တုတွင်း ၀န်ကြီးဌာနတို့သည် တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှရရန် ကြွေးများဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော ဟိုတယ်ခုနစ်ခုထံမှ နိုင်ငံခြားငွေရရန် ကြွေးကျန်များဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန၊ အမှတ် (၃)အကြီးစား စက်မှုလုပ်ငန်းသည် အုတ်စက်ရုံအမှတ် (၂)မှော်ဘီအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် လက်ကျန်တန်ဖိုး ၆၆၁ ဒသမ ၅၄၂ ကျပ်သန်းဖြင့် လွှဲပြောင်းပေးခဲ့ရာ လွှဲပြောင်းပြီး နှစ်ကုန်တွင် အုတ်စက်ရုံအမှတ် (၂)၏ နှစ်ချုပ်စာရင်း ရေးဆွဲရာ၌ တန်ဖိုးလျော့စရိတ် ပြောင်းလဲခြင်း၊ ကုန်ကြမ်းမြေကြီး တစ်ယူနစ် ထုတ်လုပ်မှုစရိတ် ပြောင်းလဲခြင်းတို့ကြောင့် လွှဲပြောင်းတန်ဖိုးမှာ ကျပ်သန်း ၇၀၄ ဒသမ ၅၃၃ စာရင်းဖြစ်ပေါ်ခဲ့သောကြောင့် ကွာခြားငွေ ကျပ် ၄၂ ဒသမ ၉၉၁ သန်း စာရင်းစစ် ကန့်ကွက်ချက် ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ စာရင်းစစ် ကန့်ကွက်ချက်ငွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ညှိနှိုင်းတောင်းခံလျက်ရှိကြောင်း သိရသည်။
ပညာရေး ၀န်ကြီးဌာနသည် အမှတ် (၂)အခြေခံပညာ ဦးစီးဌာန (ရုံးချုပ်)မှ ပြင်ဆင်ထိန်းသိမ်းစရိတ် ပိုထုတ်ငွေ ကျပ်တစ်သန်းနှင့် စစ်ကိုင်းမြို့နယ် ပညာရေးမှူးရုံးမှ လစာနှင့် ခရီးစရိတ် ပိုထုတ်ငွေ ကျပ်သန်း ၁ ဒသမ ၂၇၅ ပေးသွင်းရန်ဖြစ်ကြောင်း၊ ကျန်းမာရေး ၀န်ကြီးဌာနသည် ရန်ကုန်ကလေးဆေးရုံကြီး၏ ကြွေးကျန်ကျပ် ၂၅ ဒသမ ၇၃၀ သန်းမှာ စွမ်းထက်ဆေးဆိုင်မှ ၂၀၁၀ ပြည့်နှစ် မေလမှ ၂၀၁၂ ခုနှစ် မတ်လထိ ကြွေးကျန်ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ စွမ်းထက်ဆေးဆိုင်အား တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။
သတ္တုတွင်း ၀န်ကြီးဌာနမှ ပေးရန်ကျန်ရှိသည့် ရွှေစင် ၃၂၁၂၀ ဒသမ ၀၄ ကျပ်သားမှာ အမှတ် (၂)သတ္တုတွင်း လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် လုပ်ဆောင်နေသော ရွှေလုပ်ငန်းရှင်များထံမှ ရရန်ကြွေးဖြစ်ကြောင်း၊ ကျပ် ၂၈၂ ဒသမ ၈၆၇ သန်းမှာ အမှတ် (၂)သတ္တုတွင်းလုပ်ငန်းနှင့် ထာဝရကုမ္ပဏီတို့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် လုပ်ကိုင်လျက်ရှိသည့် ယခင်နိုင်ငံတော်ပိုင် ကျောက်ပုထိုး ရွှေစက်ရုံ၊ ရွှေလုပ်ငန်း၊ အပေါ်ယံမြေလွှာ ဖယ်ရှားရေး လုပ်ငန်းအတွက် ကုန်ကျငွေဖြစ်ပြီး မည်သူ့တွင်ပေးရန် တာဝန်ရှိသည်ကို အငြင်းပွားမှုကြောင့် စာရင်းစစ် ကန့်ကွက်ချက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနသည် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော နိုင်ငံခြား ဟိုတယ်များနှင့် ဆောက်လုပ်ဆဲနိုင်ငံခြား ဟိုတယ်များ၏ မြေငှားရမ်းခ ကြွေးကျန်များဖြစ်ကြောင်း သိရသည်။ ယင်းကြွေးကျန်များမှာ Nawarat Hotel မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉၅ သန်း၊ Thiripyitsaya Sakura Hotel မှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၉၆ သန်း၊ Andaman Club Resort Hotel မှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၆၁ သန်း၊ Yangon International Hotel မှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃၅ သန်း၊ Golden Triangle Paradise Resort Hotel မှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၉၁ သန်း၊ Seasons of Yangon International Airport Hotel မှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၄၇ သန်းနှင့် Victoria Entertainment Resort Hotel မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၆၅ သန်းတို့ဖြစ်ကြောင်း သိရသည်။

by Eleven News

No comments: