Total Pageviews

Thursday, August 1, 2013

ရန်ကုန်မြို့လယ် ဧရိယာအတွင်း ထပ်မံဆောက်လုပ်မည့် အဆောက်အအုံများအား အထပ်ပမာဏနှင့် လျော်ညီသော မြေအကျယ်အ၀န်း ရှိမှသာ ခွင့်ပြုသွားရန် စီစဉ်နေ

A-1-8

ရန်ကုန်မြို့လယ် အနော်ရထာလမ်းပေါ်ရှိ အဆောက်အအုံများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ရန်ကုန်မြို့လယ် ဧရိယာအတွင်း ထပ်မံဆောက်လုပ်မည့် အဆောက်အအုံများအတွက် ဆောက်လုပ်မည့် မြေနေရာမှာ မိမိဆောက်မည့် အထပ်ပမာဏနှင့် လျော်ညီသော အကျယ်အ၀န်းရှိသာမှ ခွင့်ပြုသွားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။ အဆောက်အအုံ ဆောက်လုပ်မှု သိပ်သည်းလာသော ရန်ကုန်မြို့လယ် ဧရိယာအတွင်း လုံလောက်သည့် ကားပါကင်များ မရှိခြင်းကြောင့် လမ်းပေါ်တွင် ယာဉ်များရပ်တန့်ထား၍ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း၊ လက်ရှိ ရန်ကုန်မြို့လယ် ဧရိယာရှိ အဆောက်အအုံများတွင်လည်း လုံလောက်သည့် မြေအကျယ်အ၀န်း မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံအချို့ ရှိကြောင်း၊ ထို့ကြောင့် ထပ်မံဆောက်လုပ်မည့် အဆောက်အအုံများအတွက် ကားပါကင်များ ပြုလုပ်မည့်နေရာ အဆင်ပြေစေရန် အတွက်သာမက အခြားအဆောက်အအုံ များနှင့်လည်း ငြိစွန်းမှု မရှိစေရန် သင့်လျော်သည့် မြေအကျယ်အ၀န်း ပါရှိမှသာ ခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ သတ်မှတ်ရန် အဆိုပြုချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး အစိုးရအဖွဲ့မှ ခွင့်ပြုချက် ရပါက ထုတ်ပြန်သွားမည်ဟု သိရသည်။
"ရန်ကုန်မြို့လယ်က သိပ်သည်းမှု များပြားနေတဲ့ အဆောက်အအုံတွေ အပေါ်မှာလည်း ကန့်သတ်ချက်တွေထုတ်ဖို့ ရှိပါတယ်။ မြို့လယ်မှာ ထပ်ဆောက်မယ့် အဆောက်အအုံ သစ်တွေအတွက် ဆောက်မယ့်နေရာက ဆောက်မယ့်အထပ် အရေအတွက်နဲ့ ကိုက်ညီသင့်လျော်တဲ့ မြေအကျယ်အ၀န်းရှိမှ ခွင့်ပြုမယ့် ပုံစံပါ။ မြေအကျယ်အ၀န်းနည်းပြီး အထပ်များများ ဆောက်ချင်လို့ မရဘူး။ ဒီအဆိုပြုချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်။ အစိုးရအဖွဲ့က ခွင့်ပြုချက်ကျရင် ဘယ်နှထပ် အဆောက်အအုံက မြေအကျယ်အ၀န်း ဘယ်လောက်ရှိရမယ်ဆိုတာ ထွက်ရှိလာမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆောက်အအုံများ ဆောက်လုပ်ပါက အခန်းတစ်ခန်းလျှင် ကားတစ်စီးရပ်နားရန် နေရာပါရှိရမည်ဟု သတ်မှတ်ထားသော်လည်း ရန်ကုန်မြို့တွင်းရှိ အဆောက်အအုံများတွင် ကားရပ်နားရန်နေရာ လုံလောက်မှု မရှိဘဲ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေရသည်။
Credit to Eleven News

No comments: