Total Pageviews

Friday, August 16, 2013

တပ်မတော် မြေသိမ်းမှုများ ဆက်မဆွေးနွေးရန် နာယကသစ် သူရဦးရွှေမန်း တားမြစ်

တပ်မတော် မြေသိမ်းမှုများ ဆက်မဆွေးနွေးရန် နာယကသစ် သူရဦးရွှေမန်း တားမြစ်









နေပြည်တော်- တပ်မတော်မှ လယ်ယာမြေ သိမ်းဆည်းခြင်းကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းသည်တပ်နှင့် ပြည်သူကြားတွင် သွေးခွဲမှုဖြစ်နိုင်သောကြောင့် ဆွေးနွေးခြင်း မပြုရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တင်ပြချက်ကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သဘောတူ လက်ခံကာ ဆက်လက်ဆွေးနွေးခြင်း မပြုရန် တားမြစ် လိုက်သည်။

“နာယကကြီးရဲ့ မှတ်ချက်အရ နိဂုံးချုပ်ပါလို့ ပြောခြင်းသည် ဆက်လက် မဆွေးနွေးပါနဲ့လို့ အဓိပ္ပာယ် ရတယ်လို့ ပြောတယ်။ တပ်မတော်နဲ့ ပတ်သက်လို့ မဆွေးနွေးပါနဲ့ ကျန်တဲ့ကိစ္စရှိရင် ဆက်လက်ဆွေးနွေးပါ”ဟု သူရဦးရွှေမန်းက ပြောကြားသည်။ သြဂုတ် ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က တပ်မတော်တပ်ရင်းတပ်ဖွဲ့များက ပြည်သူများ၏မြေယာများ သိမ်းဆည်းခြင်းကို ဆွေးနွေးစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ဆွေးနွေးမှုကို ခွင့်မပြုရန် ၀င်ရောက်ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
တပ်မတော်က မြေသိမ်းဆည်းမှုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း အပေါ် “တပ်မတော်ကို ပြည်သူနဲ့ အကြားမှာ သွေးခွဲမှုဖြစ်အောင် အကြိမ်ကြိမ်ပြောဆိုနေတဲ့ သဘောမျိုး သက်ရောက်တဲ့ အတွက် နာယကကြီး အနေနဲ့ တားမြစ် ပေးပါရန်နှင့် ဒီဆွေးနွေးမှုများကို မှတ်တမ်းတင်ခြင်းမှ ပယ်ဖျက်ပေးပါရန် ကျွန်တော့် အနေနဲ့ မေတ္တာရပ်ခံပါတယ်”ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်လွင်ဦးက တင်ပြခဲ့သည်။
“နာယကကြီး ဦးဆောင်တဲ့ ဒီပွင့်လင်းမြင်သာမှုရှိတဲ့လမ်းကြောင်းကို ပေးနေတဲ့အချိန်မှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ဒီလို အထင်အမြင်လွဲမှားစေအောင် ဟန့်တားတဲ့ အပြုအမူမျိုး ကတော့ မလိုလား အပ်ဘူးလို့ တင်ပြလိုပါတယ်။ ကျွန်တော် ဆွေးနွေးတာကလည်း တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေကို ထိခိုက်နစ်နာအောင် တစ်လုံးတစ်ပါဒမှ မပါဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကလည်း ပြည်ထောင်စု လွှတ်တော် နာယက ထံတင်ပြခဲ့သည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ တင်ပြမှုများသည် အမှန်တရား ဖြစ်နေကြောင်း၊ အပြစ်ရှာရန် မဟုတ်ဘဲ အဖြေကိုဝိုင်းရှာပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ ပြောသည်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်းသုံးကို သြဂုတ် ၁၅ ရက်က ဆွေးနွေးခဲ့ကြသည်။

7day news

No comments: