Total Pageviews

Saturday, August 17, 2013

လားရှိုးမြို့နယ် အတွင်းရှိ Mobile Team အဖွဲ့မှ ရက်ပေါင်း ၄၀ အတွင်း အကောက်ခွန်မဲ့ ကုန်ပစ္စည်း ကျပ်သိန်း ၄၀၀၀ ကျော်ဖိုးခန့် သိမ်းဆည်းရမိ

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု ထိန်းသိမ်းရေး ရွေ့လျားအဖွဲ့သည် ဇူလိုင် ၅ ရက်မှ စတင်ကာ ခေးနင်း ကျေးရွာအနီးရှိ အေးရှားဝေါလ် တိုးဂိတ်အနီးတွင် အခြေပြု၍ တရားမ၀င် သယ်ဆောင်လာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို သိမ်းဆည်းလျက်ရှိရာ သြဂုတ် ၁၃ ရက် ထိ ဖမ်းဆီးရမိသည့် ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်ထိ ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများမှာ အ၀တ်အထည်များ၊ လျှပ်စစ်ပစ္စည်း၊ မိုဘိုင်းတယ်လီဖုန်း ပစ္စည်းများ၊ ကားပစ္စည်း၊ မော်တော် ဆိုင်ကယ်ပစ္စည်း၊ အေးခဲအမဲသားများ၊ ဘီယာများနှင့် အခြားစားသောက်ကုန် ပစ္စည်းများ အများဆုံး ပါဝင်ကြောင်း သိရသည်။
သိမ်းဆည်း ရမိသည့် ပစ္စည်းများထဲတွင် လိုင်စင်မဲ့ကား တစ်စီး၊ တရားမ၀င် ရှောင်ကွင်း လမ်းကြောင်းများမှ ကန့်သတ်ကုန်များ တင်ဆောင်လာသော မော်တော်ကား ၁၀ စီး၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်မျက် ၇၂ တုံးနှင့် မော်တော်ဆိုင်ကယ် များလည်း ပါဝင်ကြောင်း သိရသည်။ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု ထိန်းသိမ်းရေး ရွေ့လျားအဖွဲ့သည် ပုံမှန်အချိန်များတွင် လတ်တလော အခြေပြုသော နေရာတွင်သာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ရှောင်ကွင်းလမ်းများမှ တရားမ၀င် သယ်ဆောင်လာသူများအား ရှောင်တခင် စစ်ဆေးသိမ်းဆည်း လျက်ရှိနေကြောင်း သိရသည်။
''တချို့ကားသမားတွေနဲ့ ကုန်သည်တွေက ပစ္စည်းတွေကို ခရီးသည်တင် ကားတွေပေါ်မှာပဲ ခရီးဆောင် ပစ္စည်းလိုလို၊ ကုန်ပစ္စည်းလိုလို မလိမ့်တပတ်နဲ့ တင်လာတာတွေ ရှိတယ်။ တချို့လည်း မထင်တဲ့ နေရာတွေထဲ ထည့်ပြီးတင်လာတာ တွေရှိတယ်'' ဟု မိုဘိုင်းတင်း လေ့လာသူ တစ်ဦးက ဆိုသည်။
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် နေ့စဉ် ပို့ကုန်နှင့်သွင်းကုန် တင်ဆောင်လာသော ကုန်တင်ကားကြီးများမှာ အစီးရေ ၃၀၀ ကျော်ခန့်ထိ ရှိနေပြီး ထိုကုန်တင် ကားများတွင် ၂၂ ဘီးတွဲ ကားများ အများဆုံး ဖြစ်နေကြောင်း သိရသည်။
Eleven News

No comments: