Total Pageviews

Friday, August 16, 2013

ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဓားဖြင့် ခြိမ်းခြောက်လုယက်ခံရ


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သြဂုတ်လ ၁၁ ရက် ည ၈ နာရီ ခန့်အချိန်တွင် လူသူကင်းမဲ့ သည့်နေရာဖြစ်သည့် မြိတ်ဂေါက်ကွင်းအတွင်း၌ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ် အင်္ကျီ အနက်ရောင်ဝတ် အမည်မသိလူနှစ်ဦးက ဓားဖြင့်လာရောက်ခြိမ်းခြောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်းများကို လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့ နယ်မြေ ရဲကင်းလှည့် တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
မိတ်မြို့ အမှတ် (၁) နယ်မြေ ရဲကင်းမှူး နှင့်အဖွဲ့သည် ထိုနေ့ ည ၈ နာရီအချိန်တွင် လှည့်ကင်းလှည့်နေ စဉ်ယင်းသို့ လုယက်ခံရသူနှစ်ဦးကို တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လုယက်ခံရသူနှစ်ဦးက လုယက်ခံရသည့် ဖြစ်စဉ်ကို ပြောပြခဲ့ကြောင်း ကလွင်ကျေးရွာ အုပ်ချူပ်ရေးမှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ညအချိန်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တောရအောက် ကျောင်းရပ်ကွက်၊ ပေါ်တော်မူစေတီဘုရားတည်ရာ ဂေါက်ကွင်းပြင်အတွင်း၌ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ်အနားသို့ အနက်ရောင်ဝတ်စုံဖြင့် အမည်မသိ လူနှစ်ဦးရောက်ရှိလာပြီး ဓားဖြင့်ထောက်ကာ အဖိုးတန် ပစ္စည်းများ အကုန်ထုတ်ပေးရန် ခြိမ်းခြောက်
ပြောဆိုသဖြင့် ၎င်းတို့တွင်ပါလာသည့် ငွေကျပ်လေးသောင်းကျော်၊ လက်ကိုင်ဖုန်း ဆင်းကဒ်ပါ နှစ်လုံးနှင့် ဆင်းကဒ်မပါ လက်ကိုင်ဖုန်းတစ်လုံး စုစုပေါင်း လက်ကိုင်ဖုန်း သုံးလုံးတို့ကို ထုတ်ပေးခဲ့ရာ လုယူထွက်ပြေးသွားခဲ့ကြောင်း ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ထိုနောက် ရဲကင်းမှူးနှင့် အဖွဲ့မှ ည ၈နာရီ ခွဲ အချိန်တွင် ယင်းသမီးရည်းစားနှစ်ဦး၏ မိဘများအား ခေါ်ယူတွေ့ဆုံပြီး အချိန်မတော် လူပြတ်လပ်သည့်နေရာ၌ နောက်နောင် ယခုကဲသို့မချိန်းတွေ့ရန် အုပ်ထိန်းသူများရှေ့တွင် ခံဝန်ကတိရေးထိုးစေခဲ့ကြောင်း ကလွင်ကျေးရွာရှိ ဒေသခံများထံမှ သိရသည်။

“သမီးရည်းစား အတွဲတွေကတော့ နေ့ရောညပါ အမြဲလာနေကြတာပဲ။ အဖမ်းခံရ တာလည်းရှိတယ်။ ပြဿနာတက် တာလည်း ရှိတယ်။ မကြောက်မလန့်နဲ့ လာနေကြတယ်။ အချို့ဆို မဖွယ်မရာတာတွေ ဒီကုန်းမြေပေါ်မှာ လာလုပ်နေ ကြတာ။ တွေ့နေရတာ ရိုးနေပြီ”ဟု ပေါ်တော်မူစေတီဘုရား ဂေါက်ကွင်းမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါ လုယက်ခံရမှုနှင့် ပတ်သက်ပြီး လူငယ်စုံတွဲ၏ မိဘများက အမှုမဖွင့်သော်လည်း သက်ဆိုင်ရာ မြိတ်မြို့မ ရဲစခန်းမှ ငွေနှင့်ပစ္စည်းများကို ခြိမ်းခြောက်လုယက်သွားသူများကို အမှုဖွင့်အရေးယူနိုင်ရန်အတွက် လိုက်လံရှာဖွေ စစ်ဆေးနေကြောင်း မြိတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

Dawei Watch
Mizzima - News in Burmese

No comments: