Total Pageviews

Saturday, August 17, 2013

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို စင်ကာပူ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေးမှုများ စတင်ပြုလုပ်နေ

မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင် ကျေးရွာနေ အရပ် ၇ ပေ ၁၀ လက်မရှိသော ကိုဝင်းဇော်ဦးတွင် Pituitary Gland အကြိတ်ကြောင့် Growth Hormone အထွက်လွန်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားနေရာ လိုအပ်သည့် စမ်းသပ်စစ်ဆေး ကုသမှုများ ပြုလုပ်နိုင်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာခဲ့သည်။

စင်ကာပူ အထွေထွေ ရောဂါကု ဆေးရုံကြီး (Singapore General Hospital) တွင် လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးမှုများကို ကနဦး လုပ်ဆောင်နေပြီး ထိုဆေးရုံရှိ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန်ကြီးများ၊ ဟော်မုန်းရောဂါ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
''စင်ကာပူကိုရောက်တဲ့ ၁၅ ရက်နေ့ ကတည်းက MRI ရိုက်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ်။ နောက် သြဂုတ် ၁၆ ရက်မှာ စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီး၊ ဟော်မုန်းရောဂါ အထူးကုဌာန (Endocrinology Unit) မှာ စမ်းသပ်စစ်ဆေး မှုတွေလုပ်ပြီး သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများနဲ့ တွေ့ဆုံဖို့ ရှိပါတယ်'' ဟု ဆေးကုသမှု အစီအစဉ်တွင် လိုက်ပါဆောင်ရွက် ပေးနေသူ Novel Square အထူးကုဆေးရုံမှ ဒေါက်တာမြတ်သူမင်းက ဆိုသည်။
ကိုဝင်းဇော်ဦးအား ဆေးကုသမှု ပေးနိုင်ရန် စင်ကာပူနိုင်ငံသို့ မလာရောက်မီ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများကိုလည်း ပြည်တွင်းပြည်ပ ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးခဲ့ပြီး အဖြေများ ပြည့်စုံစွာ ရရှိမှသာ ရောဂါအတည်ပြုပြီး ဆေးကုသမှု လုပ်ငန်းများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် စင်ကာပူနိုင်ငံတွင် သြဂုတ် ၂၂ ရက်အထိ နေထိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ကိုဝင်းဇော်ဦး၏ ဆေးကုသမှု ကုန်ကျစရိတ်များကို အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းမှ အဓိက ပံ့ပိုးပေးခြင်းဖြစ်ပြီး ''Save Win Zaw Oo'' ဆောင်ပုဒ်ဖြင့် ရန်ပုံငွေအဖွဲ့ တည်ထောင်ထားပြီး ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများနှင့် စေတနာ အလှူရှင် များကလည်း လှူဒါန်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။

Eleven News

No comments: