
သဂုတ်လအတွင်းက လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်ရှိ စီပီ ကြက်အူချောင်းစက်ရုံ မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ယခုနှစ် ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံ အတွင်း၌ မီးလောင်မှု ၁၂၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၅၀ သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
''ခါတိုင်းနှစ်တွေနဲ့မတူ ဒီ ၂၀၁၃ ခုနှစ် ခုနစ်လတာ ကာလအတွင်း ပေါ့ဆမီးက အများဆုံးပါ။ နောက်ပိုင်းမှာ ရှို့မီးတွေ နည်းနည်းများလာတယ်။
လူတွေရဲ့ မဆင်မခြင် သုံးမှုတွေကြောင့် လောင်တာများပါတယ်။ နောက်ဘာသာရေး ပေါ့နော်'' လူမျိုးရေး ပဋိပက္ခတွေကြောင့် ရှို့ကြတယ်။ နောက် မူးလည်း ရှို့တယ်။ မိန်းမနဲ့ စကားများလည်း ရှို့တယ်။ ဒါတွေက မရှိသင့်ပါဘူး။ ဒေါသဖြစ်လို့ ရှို့မယ်ဆိုရင် မကျေနပ်တဲ့အိမ်ပဲ မီးလောင်မှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ပါ လောင်ကုန်မှာပါ'' ဟု မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက ပြောကြားခဲ့သည်။
ယခုနှစ် ခုနစ်လတာ ကာလအတွင်း မီးလောင်မှုများအနက် မီးဖိုမီး အပါအ၀င် ပေါ့ဆ၍ လောင်သောမီးမှာ ၇၀၉ ကြိမ်၊ အလိုအလျောက် လောင်သောမီးမှာ ၃၁ ကြိမ် လျှပ်စစ်ကြောင့် လောင်သောမီးမှာ ၁၉၉ ကြိမ် မသမာသူရှို့မီးမှာ ၁၅၇ ကြိမ်နှင့် တောမီးမှာ ၁၁ ကြိမ် ပါဝင်နေကြာင်း မီးသတ် ဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။
၎င်းက ဆက်လက်၍ ''ကားတွေက နဂိုထက် အဆမတန် များပြားလာတယ်။ ကားတွေမှာလည်း မီးလောင်တတ်ပါတယ်။ ကားတွေ အရေအတွက် များပြားလာသည်နှင့်အမျှ ဘယ်နေရာသွားသွား မီးသတ်ဆေးဘူးတွေ ဆောင်ထားသင့်ပါတယ်၊ လူတွေက မီးဆိုတာ လောင်တတ်တာပဲသိတာ လောင်ရင် ဘယ်လိုငြှိမ်းရ မလဲဆိုတာ မသိကြဘူး၊ အဓိကက ပေါ့ဆမှုကို ထိန်းသိမ်းမှုအပိုင်း၊ မီးသုံးစွဲမှုကို ထိန်းသိမ်းမှု အပိုင်းမှာ အားနည်းနေတာ တွေ့ရပါတယ်'' ဟု ဆိုသည်။
ခုနစ်လအတွင်း မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြေ အဆောက်အအုံ ၄၁၅၁ လုံး၊ စက်ရုံအလုပ်ရုံ ၁၀ ရုံနှင့် ဂိုဒေါင် ၄၀ မီးသင့်ခဲ့ပြီး၊ ၁၃၃ရ၄ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း သိရသည်။
ယခင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လ အတွင်းတွင်မူ မီးလောင်မှု ၈၀၁ ကြိမ်သာ ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၆၈၁၇ ဒသမ ၆၅ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Eleven News
No comments:
Post a Comment