Total Pageviews

Saturday, August 17, 2013

မြေယာကိစ္စ အကြောင်းပြု၍ KNU / KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် နယ်ခြားစောင့်တပ်တို့ မြ၀တီမြို့ အနီး၌ အခြေအနေ တင်းမာမှု ဖြစ်ပေါ်ခဲ့

မြေယာကိစ္စ အကြောင်းပြု၍ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF)တို့ မြ၀တီမြို့ အနီး၌ အခြေအနေ တင်းမာသည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၁၃ ရက်က ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေယာကိစ္စနှင့် ပတ်သက်၍ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးတိုက်ဂါး၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ် (BGF)တပ်ရင်း ၁၀၂၂ မှ ဗိုလ်မှူးမုတ်သုန်၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား သြဂုတ် ၁၃ ရက်မှ စတင်ကာ အခြေအနေ တင်းမာခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုသတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြ၀တီဒေသခံများ၊ နှစ်ဖက်အဖွဲ့နှင့် နီးစပ်သူများထံသို့ စုံစမ်းရာ အခြေအနေ တင်းမာခဲ့သည်မှာ မှန်သော်လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း ငြင်းဆိုခဲ့သည်။
မြ၀တီ အခြေစိုက် တပ်မတော်တပ်ရင်း ၂၇၅ ၏ အရှေ့ဘက်တွင်ရှိသော မြေဧက ၆၀ ခန့်၌ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးတိုက်ဂါး၏ လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့မှာ ယခင်ကတည်းက အဆိုပါ မြေပေါ်တွင် လုပ်ကိုင်စားသောက် နေထိုင်ကြကြောင်း၊ သြဂုတ် ၁၃ ရက်က ယင်းမြေပေါ်၌ မြေယာရှင်းလင်းမှု ပြုလုပ်ခြင်းကို တပ်ရင်း ၂၇၅ ဗိုလ်မှူးအဆင့်ရှိ အရာရှိ တစ်ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်ငါးဦးခန့်မှ တပ်ပိုင်မြေ ဖြစ်သဖြင့် မြေယာရှင်းလင်းခြင်း မပြုလုပ်ရန် တားမြစ်ရာက အခြေအနေ တင်းမာခဲ့ကာ ဗိုလ်မှူးတိုက်ဂါး၏ လက်အောက်ခံ တပ်ဖွဲ့မှ သေနတ်မိုးပေါ် ထောင်၍ ငါးချက်ခန့် ပစ်ဖောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း မြ၀တီဒေသခံ တစ်ဦးက ဆိုသည်။
ထို့နောက် ယင်းနေ့ညနေပိုင်းတွင် တပ်မတော်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ညီညီလွင်က အဆိုပါ ဖြစ်စဉ်အား ဖြေရှင်းပေးရန် နယ်ခြားစောင့်တပ် ၁၀၂၂ မှ ဗိုလ်မှူးမုတ်သုန်အား အကူအညီ တောင်းခံသဖြင့် သွားရောက်ညှိနှိုင်း ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမျိုး မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် ဆက်ဆံရေး အရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်ထံ ဆက်သွယ် မေးမြန်းရာ မြေယာကိစ္စနှင့် ပတ်သက်၍ အောက်ခြေတွင် မကျေလည်မှု အချို့ရှိခဲ့ပြီး ယခုအခါ ညှိနှိုင်းပြေလည် သွားပြီဖြစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပြောကြားသည်။
''ကျွန်တော်နဲ့ ဗိုလ်မှူးမုတ်သုန်နဲ့ ညီအစ်ကိုလို နေကြတာ ဖြစ်စရာ မရှိဘူး။ ဖြစ်တာက ကျွန်တော်တပည့်တွေ နေနေတဲ့ နေရာကို ဗျူဟာမှူး ဗိုလ်မှူးကြီး ညီညီလွင်က တပ်ပိုင်မြေဆိုပြီး ဖယ်ခိုင်းတာမှာ ကျွန်တော်အဖွဲ့တွေနဲ့ တပ်မတော်နဲ့နည်းနည်း မကျေလည်မှုတွေ ဖြစ်သွားတာပါ။ အဲဒါကို သူတို့က ကျွန်တော်နဲ့ လာမရှင်းချင်လို့ ဗိုလ်မှူးမုတ်သုန်ကို ကြားခံလွှတ်လိုက်တာပါ။ ကျွန်တော်တို့ကြားမှာက အေးအေးဆေးဆေးပါပဲ'' ဟု KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးတိုက်ဂါးက ပြောကြားသည်။

Eleven News

No comments: