Total Pageviews

Saturday, August 17, 2013

KNU နှင့် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်


ရန်ကုန်၊ သြဂုတ် ၁၆

ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် နယ်ခြားစောင့်တပ် (BGF) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း BGF မှ သတင်းနှင့် ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်က အတည်ပြု ပြောကြားသည်။
KNU တပ်မဟာ (၅) လက်အောက်ရှိ တပ်ရင်း ၁၀၂ က အင်အား ၂၀ ခန့်သည် ကန်ညီနောင်ကျေးရွာ အောက်ဘက် ဝဲကြီးစခန်း နယ်ခြားစောင့် တပ် အမှတ် ၁၀၁၄ ကို သြဂုတ်လ ၁၆ ရက် နံနက် ၃ နာရီ ၄၀ မိနစ်ခန့်တွင် အလစ် ဝင်တိုက်ခဲ့သည့်အတွက် BGF မှ တစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေနတ် တစ်လက်ကို သိမ်းယူသွားကြောင်း ၎င်းတို့ဘက်မှ ရှင်းပြသည်။

“ဒါက ခေါင်းဆောင် အချင်းချင်းဖြစ်တဲ့ ပြဿနာ မဟုတ်ဘူး။ အောက်ခြေ ကဖြစ်တဲ့ ပြဿနာပါ။ ကရင် အမျိုးသား အားလုံး စုစည်းဖို့ လုပ်တဲ့ အချိန်မှ မလိုလားတဲ့ သူတွေရဲ့ လုပ်ရပ်ဖြစ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ အောက်ခြေတွင် ပဋိပက္ခ ဖြစ်ပွားခြင်းကို ကရင် အမျိုးသား လက်နက်ကိုင် တပ်ဖွဲ့မျာ ညီညွတ်ရေး ကော်မတီနှင့် KNU အကြီးအကဲများ ထံ အကြောင်းကြားထားပြီး KNU က တိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နယ်ခြားစောင့်တပ် ဘက်က သတင်း ထုတ်ပြန်သည်။

KNU ဘက်မှ တာဝန်ရှိသူများကို အတည်ပြု မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဆက်သွယ်ရေး အခက်အခဲများကြောင့် ဆက်သွယ် မရခဲ့ပေ။

ကရင် တိုင်းရင်းသားအားလုံး ပါဝင်သော ညီလာခံကို လာမည့် စက်တင်ဘာ လအတွင်း ကျင်းပမည် ဖြစ်သည်။

The Voice Weekly

No comments: