Total Pageviews

Saturday, August 17, 2013

UMFCCI ၏ အသင်းပိုင်ငွေ ကျပ်သိန်းပေါင်း ၄၈၀၀၀ ကျော်နှင့် ပတ်သက်၍ ရှင်းလင်း၊ အဆိုပါ သုံးစွဲမှုများနှင့် ပတ်သက်၍ တာဝန်ခံနိုင်ကြောင်း ဥက္ကဋ္ဌအပါအ၀င် တာဝန်ရှိသူများ ပြောကြား

8.1.1
ယခင် ပေါင်နှံထားသည့် ရန်ကုန်အသင်းချုပ်ရုံး၏ မြေဂရံအား ပြသနေသည့် ဦးလှမောင်ရွှေနှင့် ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်အား သြဂုတ် ၁၆ ရက် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်နိုင်မှု မရှိသည့် ပြဿနာများတွင် ရန်ကုန်မြို့ရှိ အသင်းချုပ်ရုံးနှင့် မြေအား ကမ္ဘောဇဘဏ်တွင် ကျပ်သိန်း ၂၀၀၀၀ ဖြင့် ပေါင်၍ အာမခံချက် မရှိဘဲ အပြင်သို့ ငွေထုတ်ချေးခြင်းနှင့် ရန်ကုန်နှင့် နေပြည်တော်ရှိ ကုန်သည်စက်မှု အသင်းချုပ် တည်ဆောက်မှုအတွက် ကုန်ကျငွေ ကျပ် ၂၈၄၁၂ သိန်းအတွက် ရှင်းလင်းနိုင်မှု မရှိခြင်းများနှင့် ပတ်သက်သည့် အငြင်းပွားမှုများအား တာဝန်ယူ ဖြေရှင်းနိုင်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ဥက္ကဋ္ဌ အပါအ၀င် တာဝန်ရှိသူများက သြဂုတ် ၁၆ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ အသင်းချုပ်ရုံးအား ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘောဇဘဏ်တွင် ပေါင်နှံခဲ့ကာ GLAD Co.ltd အား ထုတ်ချေးခဲ့ပြီး ပြန်ဆပ်ငွေအား ဖော်ကျွန်း အင်တာနေရှင်နယ်မှ ဦးမြဟန်အား ကျပ်သိန်း ၁၅၀၀၀၊ သစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးစိန်လွင်အား ကျပ်သိန်း ၃၀၀၀၊ Global Star ကုမ္ပဏီအား ကျန်ငွေ သိန်း ၂၀၀၀ နှင့် အသင်းပိုင်ငွေ ကျပ်သိန်း ၄၅၀၀ အား ၂၀၁၂ ခုနှစ် ဖော်ဖော်ဝါရီ ၂၄ ရက်နှင့် ၂၈ ရက်များတွင် ထုတ်ချေးခဲ့သည်ဟု အသင်းဝင် လုပ်ငန်းရှင် အချို့က ပြောပါသည်။
''အသင်းချုပ်ကို ရုံးနဲ့ မြေကို ပေါင်နှံခဲ့တာက အသင်းအတွက် ၀င်ငွေတိုးပွားဖို့နဲ့ အသင်းရပ်တည်မှု အတွက်ပါ။ အခုလက်ရှိမှာ ပေါင်နှံထားတဲ့ ရုံးချုပ်နဲ့ မြေကိုလည်း ပြန်လည်ရွေးယူ ထားပြီးပါပြီ'' ဟု အသင်းချုပ် ဒုဥက္ကဋ္ဌနှင့် သတင်းပြန်ကြားရေး ဥက္ကဋ္ဌ ဦးလှမောင်ရွှေက ဆိုသည်။
၂၀၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်အတွက် လက်ရှိဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်မှ ဆောက်လုပ်ရေး ကော်မတီအဖြစ် ငွေကျပ်သိန်း ၁၁၆၃၂ အား ထုတ်ယူထားပြီး ၁၀ နှစ်ခန့် ကြာသည့်အထိ ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
အလားတူပင် နေပြည်တော်ရှိ အစိုးရပေးသည့် မြေကွက်ပေါ်တွင် နှစ်ထပ်တိုက်အဖြစ် တည်ဆောက်မည့် ကုန်သည်စက်မှု အသင်းချုပ်အတွက် ကျပ်သိန်း ၁၆၇၇၉ သိန်းအား ၂၀၁၁ ခုနှစ်တွင် တည်ဆောက်ရန် ထုတ်ယူခဲ့ပြီး လက်ရှိကာလအထိ ကုန်ငွေ သုံးငွေအား စာရင်းရှင်းလင်း ပြသနိုင်မှု မရှိကြောင်း သိရသည်။
''ဒီငွေတွေအတွက် စာရင်းမရှင်းရသေးဘူး ဆိုတာက ဆောက်နေတဲ့ အဆောက်အအုံတွေ မပြီးသေးလို့ပါ။ ရန်ကုန်ရုံးချုပ်ကို ပေါင်ခဲ့တယ် ဆိုတာကလည်း နေပြည်တော် ရုံးအတွက် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဖို့ပါ။ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့် ဥက္ကဋ္ဌ တာဝန်ယူတုန်းက ဆွေးနွေးခဲ့တဲ့ လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့မှာ အဆောက်အအုံ တစ်ခုကို ကန်ထရိုက်ပေးပြီး ဆောက်ခိုင်းရအောင် ငွေမရှိတဲ့အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရပါတယ်။ ဒီနေ့အထိ ရန်ကုန်ရုံးချုပ်ကို အပြီးမသတ် နိုင်သေးပါဘူး။ ငွေထုတ်ချေးတယ် ဆိုတာကလည်း အသင်းရဲ့ အကျိုးအတွက် ခင်ဗျားတို့ အနေနဲ့ ဒီငွေတွေကိုယူပြီး လုပ်ငန်းမှာသုံးပေးပါ။ အတိုးကိုလည်း အသင်းအတွက် လှူတဲ့အနေနဲ့ ယူသုံးပါဆိုပြီး ပေးခဲ့တာပါ'' ဟု အသင်းချုပ် သတင်းပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်စိုးက ဆိုသည်။
အဆိုပါ အဆောက်အအုံနှစ်ခုနှင့် သက်ဆိုင်သည့် အသုံးစရိတ်များ၊ ဘဏ်တွင် ပေါင်နှံခဲ့သည့် ရန်ကုန်ရုံးချုပ် ၀င်ငွေများနှင့် ပတ်သက်၍ အလုပ်အမှုဆောင် အစည်းအဝေးများတွင် အမြဲတင်ပြခဲ့ပြီး ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် EC, CEC များ၏ သဘောတူညီ ချက်ဖြင့်သာ အသင်းကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့သည့် အတွက် လုပ်ခဲ့သမျှ ဖြစ်ရပ်များအား တာဝန်ခံ ဖြေရှင်းနိုင်ကြောင်း ဦးဝင်းအောင်၊ ဦးလှမောင်ရွှေတို့က ဆိုသည်။ ယင်းအပြင် အသင်းဝင်များ ထင်မြင်နေသကဲ့သို့ အသင်း၏ ၀င်ငွေရငွေ ဆိုင်ရာများအား EC, CEC များသာ သိခွင့်ရှိသည့် အနေအထား မဟုတ်ဘဲ အသင်းဝင်များ အနေဖြင့် အချိန်မရွေး မေးမြန်းဆွေးနွေး နိုင်ကြောင်း ဦးမြင့်စိုးက ဆက်လက်ပြောပါသည်။
နေပြည်တော် ရုံးချုပ်အား ဦးဝင်းအောင်နှင့်သား ပိုင်ဆိုင်သည့် ဒဂုန်အင်တာနေရှင်နယ်မှာ ကန်ထရိုက်ရယူ တည်ဆောက်နေသည် ဆိုသည်မှာလည်း သတင်းမှား ဖြစ်နေသည့်အပြင် အဆိုပါ အဆောက်အအုံ နှစ်ခုအား တစ်နှစ်အတွင်း အပြီးသတ် တည်ဆောက်နိုင်ဖွယ်ရှိကာ ပြီးပြတ်သည်နှင့် အဆောက်အအုံ နှစ်ခုနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေး ရှင်းတမ်းအား ထုတ်ပြန်ပေးနိုင်ကြောင်း ဦးလှမောင်ရွှေနှင့် ဘဏ္ဍာရေးမှူးက ဆိုသည်။

Eleven News

No comments: