Total Pageviews

Thursday, August 22, 2013

ပန်ပေါင်းရန် ခေါ်မရ၍ဇနီးကို ဓားဖြင့်ထိုးသတ်


မင်းဘူး၊ သြဂုတ် ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရွှေငါးလက်ဖက်ရည်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်ခန့်က တစ်နှစ်ကျော်ခန့် ခွဲနေသည့်ဇနီးကို ပြန်ခေါ်မရ၍ ဓားဖြင့်ထိုးသတ်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း ယင်းဒေသခံများနှင့် မြို့နယ်ရဲစခန်းထံမှ သိရသည်။
သေဆုံးသူမှာ မကွေးမြို့နယ် တည်ပင်ကန်ပေါက်ကျေးရွာတွင် နေထိုင်သော နီနီဝင်း ၂၁ နှစ်ဖြစ်ပြီး ၎င်းမသေဆုံးမီ သြဂုတ်လ ပထမပတ်ခန့်က တစ်နှစ်ခန့် ခွဲကွာနေသော မကွေးမြို့နယ် ကမ်းရင် ကျေးရွာတွင် နေထိုင်သည့် ခင်ပွန်းဖြစ်သူ စံချော ၃၂ နှစ်က ပြန်လည် ပေါင်းသင်းရန် လာရောက်ခေါ်ယူခဲ့ရာ သေဆုံးသူက မလိုက်လို၍ ငြင်းဆန်ခဲ့ကြောင်း မင်းဘူးမြို့နယ် ရဲစခန်း၏ တာဝန်ကျ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။

ယင်းသို့ ငြင်းဆန်ခဲ့၍ အမှုဖြစ်ပွားခဲ့သည့်နေ့က နီနီဝင်းနှင့် ၎င်း၏ညီမ နုနုဝင်း စားပွဲထိုး အလုပ်လုပ်ကိုင်သည့် မင်းဘူးမြို့ရှိ ရွှေငါးလက်ဖက်ရည်ဆိုင်သို့ ထပ်မံလာရောက်ခေါ်ယူရာ မလိုက်လိုကြောင်း ထပ်မံငြင်းဆန်ခဲ့၍ ၎င်း၏ ခင်ပွန်းဖြစ်သူက ၎င်းတွင် အသင့်ပါလာသည့် အရိုးလေးလက်မခွဲ အသွားခြောက်လက်မခွဲရှိ စတီးလ်ဓားဦးချွန်ဖြင့် နီနီဝင်း၏ ရင်ညွှန့်ကို ထိုးသွင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ၎င်းကပြောကြားသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ စံချောသည် အမှုဖြစ်ပွားခဲ့သည့် နေရာ၌ပင် အဖမ်းခံခဲ့ရာ ယင်းအမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ ညီမဖြစ်သူ နုနုဝင်း ၁၉ နှစ်က တရားလို ပြုလုပ်၍ မင်းဘူးမြို့နယ် ရဲစခန်းတွင် (ပ)၁၃၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ရဲစခန်းထံမှ သိရသည်။

The Voice Weekly 


No comments: