Total Pageviews

Thursday, August 22, 2013

ပုသိမ်ခရိုင်သို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို ဥပဒေအရ အရေးယူခြင်း မရှိဘဲ နေရပ်သို့ ပြန်လည်ပို့ဆောင်

8.1.1
ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသည့် ငရုတ်ကောင်းမြို့အား Google Earth မှတစ်ဆင့် မြင်တွေ့ရစဉ်
ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့ အတွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ကို ဥပဒေအရ အရေးယူခြင်း မရှိဘဲ သြဂုတ် ၂၂ ရက်
နံနက်ပိုင်းက နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်ဝင်းကျော်က သြဂုတ် ၂၂ ရက်က ပြောကြားသည်။
ယင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အပါအ၀င် ဘင်္ဂါလီ ၅၂ ဦးမှာ ၂၀၁၃ သြဂုတ် ၁၃ ရက်က ဘင်္ဂလား ပင်လယ်အော်မှ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ပုသိမ်ခရိုင် ကုလားမခြံအနီး ပင်လယ်တွင် မသင်္ကာဖွယ် စက်လှေတစ်စီး တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ ဘင်္ဂါလီများကို စစ်ဆေးတွေ့ရှိ ခဲ့ရပြီး စက်လှေမှာ ဘင်္ဂလား ပင်လယ်အော်သို့ ပြန်လည်မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်ဝင်းကျော်က ''ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို သြဂုတ် ၂၁ ရက် ညနေပိုင်းက ခရိုင်ရုံးမှာ ခေါ်ယူစစ်ဆေးခဲ့တယ်။ သူတို့တွေက မြန်မာနိုင်ငံကတစ်ဆင့် မလေးရှားနိုင်ငံကို သွားမယ်လို့ စစ်ဆေးတွေ့ရှိခဲ့တယ်။ သင်္ဘောနဲ့လာတဲ့ အခါမှာ ပင်လယ်ပြင် လှိုင်းကြမ်းနေလို့ ကုလားမခြံ ပင်လယ်ပြင်နားမှာ ရပ်နားခဲ့တယ်လို့ ပြောတယ်။ ဒီဘင်္ဂါလီတွေကို နောက်ဆုံး စစ်ဆေးချက်အရ ရေပိုင်နက် မှားဝင်လာတယ်လို့ ယူဆရတယ်။ အရင်တုန်းကလည်း ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်။ ထွက်ပြေးသွားတဲ့ စက်လှေကို လိပ်ကျွန်းမှာ ဖမ်းမိထားတယ်။ သူတို့ကို အဲဒီစက်လှေနဲ့အတူ နေရပ်ကို ပြန်လည်ပို့ဆောင် ခဲ့ပါတယ်'' ဟု သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို သြဂုတ် ၂၂ ရက် နံနက် ၇ နာရီတွင် နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခြင်း မပြုတော့ကြောင်း ခံဝန်ကတိကို ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသူများ၊ နေထိုင်သူများကို အရေးယူနိုင်သည့် လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကဲ့သို့ ဥပဒေများ ရှိသော်လည်း ယခုဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ဘင်္ဂါလီများကို ဥပဒေအရ အရေးယူခြင်း မရှိဘဲ နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

by Eleven News

No comments: