Total Pageviews

Thursday, August 22, 2013

နိုင်ငံတော်သမ္မတ ဥပဒေကျင့်ဝတ် မလိုက်နာကြောင်း လွှတ်တော်တင်



ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားသည့် ဥပဒေ နှစ်ရပ်နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ၏ သတင်း ထုတ်ပြန်ချက် နှစ်ခုနှင့် သဝဏ်လွှာ နှစ်ခုပါ ဖော်ပြချက်များမှာ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ဥပဒေ ကျင့်ဝတ်များကို လိုက်နာမှု မရှိဘဲ ချိုးဖောက် ထားကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက သြဂုတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြောကြား သည်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကြမ်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဆိုင်ရာ ဥပဒေတို့အပေါ် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပြန်လည် ပေးပို့ လာသော သဝဏ်လွှာနှင့် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် နှစ်ခုနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာ တင်ပြရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသဝဏ်လွှာနှင့် ထုတ်ပြန်ချက်များတွင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၀၅) (၁၀၆) တို့ကို လိုက်နာခြင်း မရှိသည့် အပြင် ဥပဒေ ကျင့်ဝတ်များကိုလည်း ချိုးဖောက်ထားကြောင်း ဦးနန္ဒကျော်စွာ က ဆိုသည်။ အဆိုပါ ဥပဒေ နှစ်ခုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ပေးပို့လာသော သဝဏ်လွာနှင့် သတင်း ထုတ်ပြန်ချက်များသည် အုပ်ချုပ်ရေး မဏ္ဍိုင်က ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ကို လွှမ်းမိုးချင်သည့် အဓိပ္ပာယ် သက်ရောက်နေပြီး အများပြည်သူ အထင်မြင် လွဲမှားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာကို နိုင်ငံပိုင် မီဒီယာများတွင် တွင်တွင်ကျယ်ကျယ် ဖော်ပြပေးရန် လည်း ပြည်ထောင်စု လွှတ်တော်က ဆက်လက် တိုက်တွန်းခဲ့သည်။ ပြည်ထောင်စု လွှတ်တော်က သြဂုတ်လ ၆ ရက်နေ့တွင်   ပြဋ္ဌာန်းလိုက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပါ အချက် ကိုး အချက်မှာ အခြေခံဥပဒေ တည်ဆဲ ဥပဒေများနှင့် ညီညွတ်ရန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးခြင်း မရှိကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းအပြင် သြဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သော အဂတိ လိုက်စားမှု ဥပဒေကို အတည်ပြု ပြဋ္ဌာန်းရာတွင် နိုင်ငံတော်သမ္မတ ပေးပို့ထားသော သဘောထား မှတ်ချက် ဆယ်ချက် ကို ပြည်ထောင်စု လွှတ်တော်က ပယ်ချလိုက်သည်။ ယင်းဥပဒေကို နိုင်ငံတော် သမ္မတက လက် မှတ်   ရေးထိုးခဲ့သော်လည်း အများဆန္ဒအရသာ လက်မှတ် ရေးထိုးပေးခြင်း ဖြစ်ပြီး အဆိုပါ ဥပဒေ သည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန် လိုက်သည်။ ယင်းဥပဒေကြမ်း နှစ်ခုကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးရန် ပြည်ထောင် စု ရှေ့နေချုပ်၊ ဥပဒေ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ တိုင်ပင်ခဲ့ပြီး မညီညွတ်သဖြင့် လွှတ်တော်သို့ သဘောထား မှတ်ချက် များဖြင့် ပြန်လည် ပေးပို့သော်လည်း လွှတ်တော် က မူလ ဥပဒေအတိုင်း အတည်ပြုခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ဆိုသည်။ အဆိုပါ ဥပဒေများကို အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ကို ဆုံးဖြတ်ပေး ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တာဝန်ရှိကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန် ရှင်းလင်းထားသည်။

by Myanmar breaking News

No comments: