Total Pageviews

Saturday, August 17, 2013

ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများ လျော်ကြေးပေးမည်ဟုဆို


ရန်ကုန်၊ သြဂုတ် ၁၆

တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ရွှံ့ဖုံးကာ ပျက်စီးသည့် လယ်မြေများကို လျော်ကြေးပေးမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကတိပေးခဲ့ကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးထွန်းလွင်က ပြောကြားသည်။
လယ်ယာမြေပြဿနာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနဝန်ကြီး၊ လူမူရေးဝန်ကြီး ဦးကျော်ခင်တို့က ဒေသခံများနှင့် သြဂုတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဘယ်အချိန် ပေးမယ်ဆိုတာကို သေသေချာချာ မပြောခဲ့ဘူး” ဟု ဦးထွန်းလွင်က ထပ်မံပြောဆိုသည်။

အဆိုပါ လယ်ယာမြေများကို လျော်ကြေးပေးရန် လယ်ယာမြေ ဂရန်များကို တောင်းခံရာ လယ်သမားများမှာ ဘိုးဘွားပိုင် လုပ်ကိုင်လာကြခြင်းဖြစ်ပြီး ဂရန်မရှိသဖြင့် အခက်အခဲ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဆွေးနွေးပွဲကို ဒေသဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သူ ဦးမောင်အေးက ပြောကြားသည်။

ရွှံ့ဖုံးလယ်ယာမြေဧက စာရင်းကို ဓာတ်ငွေ့ပိုက်လိုင်း လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် SEAGP (South East Asia Gas Pipeline) က ရက်ပိုင်းအတွင်း ကောက်ယူမည်ဟု အဆိုပါကုမ္ပဏီက ဒေသခံများကို ပြောဆိုထားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

နှစ်ရှည်အပင်များ စိုက်ပျိုးထားသည့် စားကျက်မြေ များကို နိုင်ငံပိုင်မြေ ဖြစ်သည်ဟုဆိုကာ လျော်ကြေးပေးမည် မဟုတ်ကြောင်း၊ ယင်းမြေပေါ်တွင် စိုက်ပျိုးထားသည့် နှစ်ရှည်ပင်များ (ပျဉ်းကတိုး၊ သစ်မာစသည့်) အတွက် စိုက်ပျိုးခရရှိသည့် လျော်ကြေးများ ကိုလည်း ဒေသခံများကို ပေးလျော်မည် မဟုတ်ဘဲ ပြည်သူ့ဘဏ္ဍာကို ထည့်သွင်းသွားမည်ဟု ရခိုင်ပြည်နယ် မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးက ပြောဆိုခဲ့ကြောင်း ၎င်းကဆိုသည်။

လယ်ယာမြေ လျော်ကြေးပေးရေးနှင့် ပတ်သက်၍ အဆိုပါ ဝန်ကြီးများနှင့် ဒေသခံများ သြဂုတ်လ ၁၇ ရက်တွင် ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် အတွင်းရှိ တရုတ် - မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသည့် ကျေးရွာများကို ၂၄ နာရီ လျှပ်စစ်မီးပေးရန်၊ ရွာချင်းဆက် လမ်းများကို ဖောက်လုပ်ပေးရန်၊ သိမ်းယူထားသည့် လယ်ယာမြေ လျော်ကြေးများပေးရန်၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ ရေတွင်းများ ဆောက်လုပ် တူးဖော်ပေးရန် စသည့် ဒေသဖွံ့ဖြိုးရေး အချက်များကို ပြည်နယ်အစိုးရနှင့် သက်ဆိုင် ကုမ္ပဏီများထံ သြဂုတ်လ ၂ ရက်နေ့က လူမှုအဖွဲ့အစည်းများနှင့် ကျေးရွာ ၂၃ ရွာ ပူးပေါင်းကာ တင်ပြတောင်းဆိုခဲ့ကြသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း အခြေစိုက်ရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို စက်တင်ဘာလလယ်မှ စတင်ကာ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ၂၄ နာရီ လျှပ်စစ်မီး ပေးသွားမည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က သြဂုတ်လ ၁၅ ရက်နေ့က ဒေသခံများနှင့် တွေ့ဆုံစဉ် ကတိပေး ပြောဆိုခဲ့သည်။

ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံကူမင်းသို့ ဆက်သွယ် ဖောက်လုပ် ထားသည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ သဘာဝဓာတ်ငွေ့ ပို့လွှတ်နေပြီ ဖြစ်သည်။

LC၊ ကောင်းဆက်နိုင်

The Voice Weekly

No comments: